အမ်း ဩဂုတ် ၁၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကုန်စုံဆိုင်များ၊ ဆေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များအား ယနေ့နံနက် ၁ဝ နာရီအချိန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာ၌ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်စားသုံးသူရေးရာ မြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်နှင့် တာဝန်ရှိသူများက မြို့နယ် အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်က ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖော်ပြထားရှိမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်းဆုံးသည့်ရက်စွဲများ ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသောက်ကုန်အမျိုး မျိုးအပြင် အခြားကုန်စည်များ ရောင်းချရာတွင် ပြဌာန်းထားသည့် စည်းကမ်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာ ဖော်ပြရောင်းချနိုင်စေရန် အသိပညာပေးပြောကြားခြင်း၊ စက်သုံး ဆီအရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီများသတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုပဲ၊ အချင်အတွယ် မှန်ကန်စွာရောင်းချရေး၊ မီးဘေးလုံခြုံရေး အထူးသတိပြု လိုက်နာဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့က စက်သုံးဆီဆိုင်များအလိုက် ဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထားရှိမှုအခြေအနေ၊ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
မြို့နယ်ပြန်/ဆက်