မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းများသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောက်ဦး ဩဂုတ် ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၃)တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို အောင်တပ်ရပ်ကွက် အ.ထ.က(၂) ကျောင်း၌ ယမန်နေ့က ဟောပြောခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများမှ ကလေးလူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်ရေး၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်နှင့် လူကုန်ကူးခြင်း ကင်းဝေးစေဖို့ အားလုံး ဝိုင်းဝန်း ပူးပေါင်းစို့ ခေါင်းစဉ်များဖြင့် တက်ရောက်လာကြသော ကျောင်းသူ/ကျောင်းသားများကို သိရှိနား လည်စေရန် ရှင်းလင်း ဟောပြောခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင် ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ကျောင်းသူ/ကျောင်းသားများ  ဆောင်ရန် ရှောင်ရန် အချက်များဖြစ်သည့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဝန်ထမ်းများမှလည်း မိုင်းအန္တရာယ်အသိပညာ ပေးခြင်း ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် မြေမြှပ်မိုင်းအန္တရာယ် ကြိုတင်တားဆီး ကာကွယ်နိုင် ရေးအတွက် ကျေးလက်နေပြည်သူများ သိသင့်သိထိုက်သော ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုင်းအန္တရာယ်အသိပေး အမှတ်အသားများ၊ ထိခိုက်ပေါက်ကွဲစေတတ်သော မိုင်းများနှင့် ပတ်သက် ၍လည်းကောင်း ၊ ပေါက်ကွဲစေတတ်သော မြေမြှပ်မိုင်းနှင့် စစ်အကြွင်းအကျန်လက်နက်များအား ကျောင်းသူ/ကျောင်းသားများ၏ ဘေးပတ်ဝန်ကျင်တွေ့ရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အသိပေး အကြောင်းကြားကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုအသိပညာဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသူ/ကျောင်းသား (၂၀၀) ဦးခန့်ရှိပြီး သဘာဝဘေးအသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)