မုဒုံမြို့၌ သဘာဝမြေသြဇာ စနစ်တကျ အသုံးပြုခြင်း တောင်သူများအား ပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

မုဒုံ သြဂုတ် ၁၀

မွန်ပြည်နယ် မုဒုံမြို့နယ်၌ မိုးစပါး ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကွက်တွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ စနစ်တကျ အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘဲရမ်းကျေးရွာရှိ တောင်သူ ဦးမောင်ခင် ပိုင်ဆိုင်သော လယ်မြေဧက (၁၀) ဧကတွင် ကျင်းပသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူလယ်သမားများ စပါးများ စိုက်ပျိုးရာတွင် စျေးနှုန်းသက်သာစေရန်အတွက် သွင်းအားစု ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို စနစ်တကျ ရောစပ်အသုံးပြုပုံနည်းများ၊ အရည်အသွေးကောင်းမွန်သော မျိုးကောင်း မျိုးသန့် မျိုးစေ့များ ကျယ်ပြန့်စွာ စိုက်ပျိုးလာစေရန် သမာရိုးကျနည်းပညာများကို ပြောင်းလဲကျင့်သုံး၍ ရေရှည် တည်တံ့သော စိုက်ပျိုးနည်းပညာများ လုပ်ငန်းအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့သည်။

မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးများနှင့် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းနိုင်ရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးတို့အတွက် ဘက်စုံပိုးမွှားရောဂါ ကာကွယ်ခြင်းနည်းစနစ်များ လက်တွေ့ပြသခြင်း၊ ကင်းထောက်စစ်ဆေးခြင်း၊ အလေလွင့်နည်းပါးစေပြီး အရည်အသွေး ကောင်းမွန်စေရန် တောင်သူများနှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ်(မုဒုံ)