ကျောင်းကျန်းမာရေးရက်သတ္တပတ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးသည့် အခြေခံပညာကျောင်းများသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သွားရောက်အားပေး

လားရှိုး  ဩဂုတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် ကျောင်းအခြေပြုသန်ချဆေး တိုက်ကျွေးခြင်းများကို ဩဂုတ်လ ၇ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့ထိ အခြေခံကျောင်းများတွင် တိုက်ကျွေးနေပြီဖြစ်ကြောင်း သိရသည်။

ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးနေသည့် အခြေခံပညာကျောင်းများသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များက ဩဂုတ်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လားရှိုးမြို့ပေါ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အ.မ.က (၇) ကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူလေးများကို သန်ချဆေးများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို အသက်(၅)နှစ်မှ (၁၅)နှစ်ထိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအားလုံးကို နှစ်စဉ် ဖေဖော်ဝါရီလတွင်တစ်ကြိမ်၊ ဩဂုတ်လတွင်တစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ် တိုက်ကျွေးနေခြင်း ဖြစ်ပြီး တိုက်ကျွေးမည့်ဆေးအမျိုးအစားမှာ Albendazole 400mg ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)