ဇေယျာသီရိမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

ဇေယျာသီရိ ဩဂုတ် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ ဦးရဲမွန်ကျော်နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများဖြစ်သည့် ဆရာ ကျော်လွင်(မှော်ဝန်း)၊ ဆရာသဘာဝနှင့် ဆရာမချယ်ရီအောင်သန်းတို့က ဦးဆောင်၍ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”   စာအုပ်ပါ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်လူမှုရေးအတွေးများ၊ လူငယ်နှင့် ဒဿန ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား/ ကျောင်းသူကလေးငယ်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေချစ်သူများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)