ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်

ကွန်ဟိန်း  သြဂုတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအားထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌  ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ယင်းနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။  ထောက်ပံ့ငွေများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  (ဧ​ပြီ၊ ​​မေ၊ ဇွန်)လ အတွက် ပေးအပ်ခြင်းဖြစ်ပြီး တာဝန်ရှိသူများ ကရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့သည်။ ထောက်ပံ့ငွေများကို ကွန်ဟိန်းမြို့နယ်(ကာလိမြို့)အပါအဝင်နှင့် ကျေးရွာ အုပ်စုများအတွင်းရှိ  အသက်(၂)နှစ်အောက် ကလေးငယ် (၁၀၇၅)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်များ (လအလိုက်)တစ်ဦးလျှင်  သတ်မှတ်နှုန်းဖြင့် (၃၃၅)ဦး၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၈၃၉၅၀၀၀/-) ကို ပေးအပ်ခဲ့ပါသည်။

အဆိုပါ ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များထံသို့ လက်ဝယ်အရောက်ထောက် ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်(ကွန်ဟိန်း)