လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများအား ဆုများချီးမြှင့်

လားရှိုး ဩဂုတ် ၁၀   

လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းကို တက်ရောက်ပြီး ထူးချွန်ဆုရရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများအားထပ်မံ၍ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ဧည့်ကြိုသင်တန်းတွင် ပထမဆုရရှိခဲ့သည့်  မသိမ့်ရတီဟန် အားလည်းကောင်း၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက ဒုတိယဆုရရှိခဲ့သည့် နန်းမြင့်စိုး အားလည်းကောင်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်သိန်းက တတိယဆုရရှိခဲ့သည့် နန်းမောက်စမ်ခမ်းအားလည်းကောင်း အစားအစာနှင့် အဖျော်ယမကာသင်တန်းတွင် ပထမဆုရရှိခဲ့သူ မမင်းမင်းသန့်နှင့် တတိယဆုရရှိခဲ့သူ မဌေးဌေးမွန်တို့အား တာဝန်ရှိသူအသီးသီးက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဟိုတယ်ဆိုင်ရာအခြေခံသင်တန်း(၃)မျိုးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊မူဆယ်၊ လောက်ကိုင်၊ တန့်ယန်း၊ ကျောက်မဲမြို့များမှ ဟိုတယ်ဝန်ထမ်းစုစုပေါင်း (၁၇၀)ဦးနှင့် လားရှိုးမြို့ ဆင်နှစ်ကောင် ဟိုတယ်တွင်ဖွင့်လှစ်ခဲ့သည့် သီးသန့်သင်တန်းတွင်မူ  ဟိုတယ်ဝန်ထမ်း (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)