ရခိုင်ပြည်နယ် မောင်တောမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မောင်တော ဩဂုတ်  ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အမှတ်(၁) လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်က အသိပညာပေး ဟောပြောပွဲပြုလုပ်ပေးရခြင်းနှင့် ပတ်သတ်၍ ပြောကြားပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်းက  လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မ ပြည့်ဆန်တာလုပ်ခိုင်းစေခြင်းများ၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုးပြုလုပ်စေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အခြားလူတစ်ယောက်ဆီမှ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည့်တိုကို ပြုလုပ်ရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ လက်ခံခြင်း(သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်း၊ လုပ်အားခ လစာများ ခေါင်းပုံဖြတ် ခြင်းများ၊ အမျိုးသမီးများအပေါ် လူကုန်ကူးမှု အခြေအနေများ၊ တရုတ်နိုင်ငံသို့ ရောင်းစားပြီး တရားမဝင် ပေါင်းသင်းနေထိုင်မှုများ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံးပြုနေမှုများ၊ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှု၊ ပြစ်ဒဏ်များဆောင်ရန်၊ ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုင်ကြားနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်များအား ပြောကြားကာ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်းနှင့်တပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ကြပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)