လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။   

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးကျော်သိန်းဆိုင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်း၏ အဓိကရည်ရွယ်ချက်ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံခြားသား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို စနစ်တကျဖြစ်စေရန်ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းမှသင်ကြားပို့ချက်များကို အလေးထားသင်ယူပြီး မိမိလုပ်ငန်းနယ်ပယ်တွင် ထိထိရောက်ရောက် လက်တွေ့အသုံးချဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို FRC အခွန်ဆောင်ပျက်ကွက်သူများ ပူးပေါင်းဖော်ထုတ်ရန်၊ စာရင်းကွဲလွဲမှုတွေမဖြစ်အောင် စာရင်းပြုစုရာတွင် အခွန်ဆောင်သူနှင့် အခွန်ဆောင်ပျက်ကွက်သူ အမည်စာရင်းပြုစုထားရန်၊ နိုင်ငံခြားသားအားလုံးပါဝင်မည်ဖြစ်ပြီး အမြဲနေနိုင်ငံခြားသားများနှင့် နိုင်ငံကူးလက်မှတ်ဖြင့်ဝင်ရောက်ပြီး ရက်(၉၀)ကျော်နေထိုင်နေကြသည့် (YGN) ကိုင်ဆောင်သူ နိုင်ငံခြားသားများ၊ နိုင်ငံခြားသားများနှင့်ပတ်သက်သည့် မှတ်ပုံတင်စာအုပ်များဖွင့်လှစ်ခြင်း နှစ်အလိုက်ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းပြုလုပ်ရန်၊ Part II များပြုစုထားရှိရမည်ဖြစ်ပြီး FRCများအား Digitalization ပြုလုပ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်/မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)