လားရှိုး ဩဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်းလမ်းဖြတ်တံတားများ တည်ဆောက်ခြင်းနှင့် ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေး၊ ရေစီးမြောင်းများ ချဲ့ထွင်နိုင်ရေးတို့အတွက် ယနေ့နံနက်(၁၁)နာရီအချိန်တွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့တွင်းရှိ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် သိန္နီလမ်းအား လမ်းသားချဲ့ထွင်ခြင်း၊ လမ်းအခြေခံလွှာခင်းခြင်း၊ AC လမ်းခင်းခြင်းများ ပြုလုပ်ဆောင်ရွက်နေမှုများနှင့် ၎င်းလမ်းဘေးဝဲယာရှိ ရေမြောင်းများချဲ့ထွင်နေမှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် လားရှိုးမြို့၊ ရပ်ကွက်(၁၂)အတွင်းရှိ ရေစီးမြောင်းများတွင် ရေစီးရေလာကောင်းမွန် စေရေးအတွက် ရေမြောင်းများချဲ့ထွင်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုရာ မိုးတွင်းကာလများတွင် ရေကြီးရေလျှံ ဖြစ်ပေါ်နိုင်သည့်ရေမြောင်းများအား စနစ်တကျပြန်လည် ချဲ့ထွင်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လားရှိုးမြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင် က လိုက်လံရှင်းလင်းပြသသည်။
မိုးရာသီတွင် တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုအန္တရာယ်များမှ ကာကွယ်နိုင်ရန်အတွက် လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများရှိ ရေမြောင်းများအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူတူးဖော်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ၊ လမ်းဖြတ်တံတားများ တည်ဆောက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)