စစ်တွေ ဩဂုတ် ၁၀
အရည်အသွေးကောင်းမွန်သော ပြည်တွင်းဖြစ် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ပြီး သွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ထုတ်လုပ်၍ စျေးကွက်တွင် ထိုးဖောက်ရောင်းချလာနိုင်စေရန်၊ ဒေသအတွင်း တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး မိသားစု ဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်ရည်ရွယ်၍ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၊ စစ်တွေမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းက အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ဆပ်ပြာဆီအမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည်အမျိုးမျိုး ထုတ်လုပ်နည်းများကို စာတွေ့၊ လက်တွေ့ နှစ်မျိုးလုံးဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ပြည်နယ်အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများက သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် သင်တန်း ပြီးစီးသွားပါကလည်း လုပ်ငန်းများ ထူထောင်နိုင်သည်အထိ လိုအပ်သည့်အကြံဉာဏ်များနှင့် ကူညီပံ့ပိုးမှုများကိုပါ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်စုစုခိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြသည်။ အဆိုပါသင်တန်းကို သြဂုတ်လ ၁၀ ရက် နေ့မှ ၁၄ ရက်နေ့ အထိ (၅)ရက် ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)