ကျောက်ဆည် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် မျိုးစေ့ထုတ်စိုက်ဧက (၂၀၀) အပါအဝင် နေကြာသီးနှံ (၃၁၉၇) ဧက လျာထားစိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နေကြာသီးနှံများအောင်မြင်စေရေး တောင်သူများနှင့်ပူးပေါင်းကာ ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း (၈၀) ရာခိုင်နှုန်းအထက်ရှိသော ရေဆင်းစပ်မျိုး (၁) နေကြာမျိုးများကို တစ်ဧကသုံးပြည်အသုံးပြုပြီး သတ်မှတ်အပင်ဦးရေ (၂၉၀၀၀) ဝင်ဆံ့စေရန် တန်းကြား (၂)ပေ၊ ပင်ကြား (၉)လက်မဖြင့် (၁)ကျင်းလျင်မျိုးစေ့ (၂)စေ့နှုန်းဖြင့် အပင်ပေါက်သေချာစေရန် မြေတွင်းအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မထက် မနက်စေဘဲစနစ်တကျ စိုက်ပျိုးလျက်ရှိကြောင်းနှင့် လိုအပ်သည့်အချိန်တွင် သွင်းအားစုများသုံးစွဲရေး စသည့်စိုက်နည်းစနစ်များ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ နေကြာသီးနှံများစိုက်ပျိုးရာတွင် ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်း၊ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင် (၁၀၃၂)ဧက၊ လက်ပံပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ၊ ဇရပ်ဖြူ၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်း ကုန်း ကျေးရွာအုပ်စုများတွင် (၆၄)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး၊ ရဲယမန်း ကျေးရွာအုပ်စုများတွင်(၁၈၀၈)ဧက၊ စုစုပေါင်း (၂၉၀၄) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)