ကျောက်ဆည် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ ရေပေးဝေရာတွင် ပြည့်ဝစွာရေပေးဝေနိုင်ရေး တိမ်ကောနေသည့် မြောင်းကြမ်းပြင်များမှ မြေသားများတူးဖော်ပေးခြင်း၊ ရေပေးပြွန်များနှင့် ရေကျအဆောက်အဦများအား ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၂၀၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး မင်းရဲဆည်ရေသောက်စနစ် မနော်ရာဇာလက်တံမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၃)လုံးအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေပေးပြွန်များမှာ မနော်ဟရီလက်တံမြောင်း (၂၀)ပေ၊ အကျယ်(၁၅)လက်မပြွန်(၁)လုံး၊ အရှည်ပေ(၂၀)၊ အကျယ်(၉)လက်မပြွန်(၁)လုံး၊ အရှည်(၂၀)ပေ၊ အကျယ်(၆)လက်မပြွန်(၁)လုံး သံကူကွန်ကရစ်ရေပေးပြွန်(၃)လုံးအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရေပြွန်များရေရှည်ခိုင်မာရေး ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်း၊ ရေပေးဝေရာတွင် လိုအပ်သလိုထိန်းညှိပေးနိုင်ရေး ထိန်းချုပ်ရေတံခါးတပ်ဆင်ခြင်းများပါဝင်ကြောင်း သိရှိ ရသည်။
ကျောက်ဆည်မြို့နယ်တွင် ရေပေးပြွန်များဆောင်ရွက်ပြီးပါက သီးနှံမျိုးစုံ(၂၀၀)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ထိန်းချုပ်ရေတံခါးများဖြင့် လွယ်ကူစွာအဖွင့်အပိတ်ပြုလုပ်နိုင်သောကြောင့် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏ ပြည့်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)