မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် နမ့်ဟောင်ဟူးချောင်းရေများတက်လာပြီး မိုင်းပန်မြို့နယ် နေရာဒေသတချို့၌ ရေများဖုံးလွှမ်း

မိုင်းပန်​​ ဩဂုတ်​​ ၁၀

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ယမန်နေ့ဩဂုတ်(၉)ရက်ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် နမ့်ဟောင်ဟူးချောင်း ရေများတက်လာကာ နေရာဒေသတချို့၌ ရေများဖုံးလွှမ်းလျက်ရှိပြီး တောင်သူတို့၏ စပါးစိုက်ခင်းများတွင် ရေများဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။

​မိုင်းပန်မြို့နယ် လွိုင်နွဲ့ကျေးရွာတွင် တံတားအသစ်နှင့် လမ်းများမြေဖို့ခြင်းမပြုလုပ်မီ မိုးရာသီအတွင်း ရေများဖုံးလွှမ်းလျက်ရှိရာ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် လွိုင်နွဲ့ တံတားဆောက်လုပ်ခြင်းနှင့် လမ်းများမြေဖို့ ပေးသည့်အချိန်မှစ၍ ရေများဖုံးလွှမ်းခြင်းမရှိသော်လည်း ယနေ့နံနက်ပိုင်းအချိန်တွင် လွိုင်နွဲ့ကျေးရွာ အနိမ့်ပိုင်းရှိအိမ်ခြေများတွင် လည်းကောင်း၊  မြို့အဝင် မဟာတေဇာဓိပတိစေတီတော် အနီးတဝိုက်ရှိ စပါးစိုက်ခင်းများနှင့် နမ့်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်လမ်းမကြီးပေါ်ရှိ (၉) မိုင်ကျေးရွာ လမ်းမကြီးပေါ်တွင် ရေများဖုံးလွှမ်းလျက်ရှိပြီး ခရီးယာဉ်များပြတ်တောက်ခြင်းမရှိ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

​​မိုင်းပန်(ပြန်/ဆက်)