မိုင်းယု ဩဂုတ် ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ကဏ္ဍာဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်းက ဌာနဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ဒေသခံ ပြည်သူတို့မှ မိုင်းယုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပူးပေါင်းပါဝင်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးက ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် နေကြာ၊ ပဲပုတ်နှင့် မြေပဲတို့ကို တောင်သူတို့အနေဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ဒေသတွင်း ဆန်ဖူလုံမှုရှိစေရန်အတွက် ဆန်၊ စပါးများ ကြိတ်ခွဲထုတ်လုပ်သွားမည့် အခြေအနေများနှင့်အတူ သီးညှပ်အဖြစ် “ဝဥ”ပင်များကိုလည်း စိုက်ပျိုးထားသင့်ပါကြောင်းနှင့် တောင်သူတို့အတွက် လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကိုလည်း ကွင်းဆင်းကာ အသိပညာပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်တို့ကို ရှင်းလင်းဟောကြားခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတောင်သူတို့မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
ဟောပြောပွဲကို မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်း၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်