ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ကြောင်း ကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုနှင့် ဟောပြောပွဲကျင်းပ

ကျောက်တံတား ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား/ကျောင်းသူ များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဦးစိုးလင်းထူးဦးဆောင်သော ကျန်းမာရေးအဖွဲ့မှ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ မျိုးကွဲသစ်‌ရောဂါ၊ မျောက်ကျောက်ရောဂါ၊ သံကောင်တုတ်ကောင်ရောဂါ‌အကြောင်း သိကောင်းစရာများ၊ စနစ်တကျသွားတိုက်နည်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာရောဂါများ အကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှား ဆောင်ရွက်ခြင်းလုပ်ငန်းကို ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် အလှည့်ကျဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)