တွံတေး သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မှုခင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေလည်(၁)နာရီအချိန်က အဆိုပါကျောင်းယုဇနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၅၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု မှူးရုံး(တွံတေး)မှ ရဲအုပ် ဇင်မင်းဦးက ပြောကြားရာတွင် ကျောင်းသား/သူများအနေဖြင့် ယာဉ်အန္တရာယ်မှ ကာကွယ်နိုင်ရန်၊ လမ်းလျှောက်သူများ လိုက်နာရန်စည်းကမ်းချက်များကို သိရှိစေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေး မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ လမ်းလျှောက်သူများ လိုက်နာရန်စည်းကမ်းချက်များဖြစ်သည့် သက်ဆိုင်သည့်လမ်းညွှန်၊ လမ်းအမှတ်အသားများအတိုင်းလိုက်နာရန်၊ ကြီးကြပ်ထိန်းသိမ်း သည့် ယာဉ်ထိန်းရဲရှိလျှင် ၎င်း၏ ညွှန်ပြချက်အတိုင်းလိုက်နာရန်၊ လူသွားစင်္ကြန် (သို့မဟုတ်)သတ်မှတ်ထားသည့်လမ်းရှိ လျှင်ထိုနေရာများပေါ်မှသွားရန်၊ လူသွားစင်္ကြန်မရှိလျှင် တတ်နိုင်သမျှလမ်း၏ ဝဲဘက်နံဘေးမှကပ်၍ ယာဉ်ကြောကိုမျက်နှာမူပြီးလျှောက်ရန်၊ စက်ဘီးစီးသည့်အခါ လက်ယာဘက်ကပ်စီးရပြီး ရပ်သည့်အခါလမ်းမပိတ်ဆို့ရ၊ ရင်ဘောင်တန်းမလျှောက်ရ၊ လူကူးမျဉ်းကျား သတ်မှတ်ခွင့်ပြုထားသောနေရာများမှသာ လမ်းဖြတ်ကူးရန်၊ သတ်မှတ်ထားသည့် နေရာများမှဖြတ်ကူးလျှင် လက်ယာဘက်ခြမ်းမှဖြတ်ကူးရန်၊ အုပ်ထိန်းသူမပါဘဲ အသက်(၆)နှစ်အောက်ကလေးများအား လမ်းပေါ်သွားလာခြင်းမရှိစေရန် စသည့်ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသ၍ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်စုစုလှိုင်က ကျောင်းသားလူငယ်များနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကိုလည်းကောင်း၊ တွံတေးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရုံးမှ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ထွန်းထွန်းအောင်က ကျောင်းသားလူငယ်များလိုက်နာရမည့် ရာဇဝတ်မှုခင်းဆိုင်ရာများ၊ လူကုန်ကူးမှုဆိုင်ရာများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးဇာနည်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခြေခံပညာကျောင်းများသို့လည်း ဆက်လက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာဟောပြောပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား