သိန္နီမြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများ စည်းကမ်းလိုက်နာစေရေး ရှောင်တခင်စစ်ဆေး ခြင်းများဆောင်ရွက်

သိန္နီ ဩဂုတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ပြည်သူများ မော်တော်ဆိုင်ကယ် စီးနင်းရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာစေရန်ရည်ရွယ်၍ ဆိုင်ကယ်ဦးထုပ်များဆောင်း၍ မောင်းနှင်ခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်နှင့် ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ ဦးအောင်ကျော်လင်းတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ သိန္နီမြို့တွင်း ဖြတ်သန်းသွားလာနေသော မော်တော်ဆိုင်ကယ်စီးနင်းသူများအား ဆိုင်ကယ်ဦးထုတ်ဆောင်း၍ မောင်းနှင်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ဆေးရေးအဖွဲ့အနေဖြင့် ယာဉ်စည်းကမ်း လိုက်နာစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်သည့်ကာလ ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် ဆိုင်ကယ်ဦးထုတ်ဆောင်းခြင်း မရှိသူများအား အခုဝယ် အခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းများကို တစ်ပတ်လျှင် (၄) ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စောဉမ္မာ(သိန္နီ)