ရမ်းဗြဲမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပုလုပ်တောင်၌ ကျန်းမာရေး အသိပညာပေးဟောပြေပွဲကျင်းပ

ရမ်းဗြဲ သြဂုတ် ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပုလုပ်တောင်၌ ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်  ကျန်းမာရေး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်လျက် ယမန်နေ့က ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ကျင်းပကြရာ အခမ်းအနားသို့ ဆရာ/ ဆရာမများ ကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကျင်းပရာသို့ ရမ်းဗြဲမြို့နယ်၊ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကောင်းမြတ်ကျော် ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများမှ လာရောက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပေးကြရာ ဒေါက်တာ ကောင်းမြတ်ကျော်က သွားနှင့်ခံတွင်းကို  သန့်ရှင်းအောင်ထားရှိရမည့်  နည်းလမ်းများနှင့် သွားကို တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်တိုက်ရန် လိုအပ်ကြောင်းတို့ကို ပြေကြားပေးပြီးနောက် အထက်တန်းသူပြု ဒေါ်ခင်ဝင်းနှင့်  ကျန်းမာရေးဝန်ထမ်းများမှ  ကျန်းမာပျော်ရွှင်သောဘဝကို  ပိုင်ဆိုင်နိုင်ရန်အတွက် စားသောက်နေထိုင်ကြရမည့်ပုံစံများနှင့် ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန်များ၊  မိုးရာသီဖြစ်သည့်အတွက် ခြင်မှကူးစက်တတ်သောရောဂါများ၊ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ကြောက်စရာကောင်းသော HIV ရောဂါပိုးကြောင့် AIDS ကူးစက်ရောဂါဖြစ်ပွားတတ်ပုံတို့ကို ရှင်းလင်းပြောကြားပေးကြသည်။

ထို့နောက် ဒေါက်တာကောင်မြတ်ကျော်မှ ကျောင်းသား/ကျောင်းသူများအား သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးစေရေးအတွက် စစ်ဆေးကြည့်ရှုပေးပြီး ကျန်းမာရေးဝန်ထမ်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)