သုံးခွ ဩဂုတ် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန် က သုံးခွမြို့ပေါ် ရပ်ကွက်အတွင်းရှိ ဆေးဆိုင်တွင် တားမြစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့၀င်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များ၊ မြို့မစျေးကြီး အတွင်းအပြင်ရှိ ဆေးဝါးရောင်းချနေသည့် ဆိုင်များတွင် သက်တန်းလွန်ဆေးဝါးများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု၊ တားမြစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများက ဆေးဝါးရောင်းချနေသော ဆိုင်ရှင်များအား သက်မှတ်ထားသော ဆေးဝါးများသာရောင်းချရန်နှင့် အများပြည်သူသုံးစွဲရန်မသင့်သည့် ဆေးဝါးများ သုံးစွဲမိခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များကို အသိပေးဆွေးနွေးခဲ့ကြောင်းနှင့်အတူ ဆေးဆိုင်ရှိဆေးဝါးများအား ပြည်သူများကို ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိပဲ သက်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချသွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)