စစ်တွေ ဩဂုတ် ၁၀
စစ်တွေမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။ ထို့နောက် ဦးမြင့်စိုးနှင့် စစ်တွေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အေးတို့က စစ်တွေမြို့နယ်၏ စိုက်ပျိုးမြေဧရိယာ၊ စိုက်ပျိုးသည့် သီးနှံအမျိုးအစားများ၊ မိုးစပါးစိုက်ပျိုးရန် လျာထားချက်အပေါ် စိုက်ပျိုးမှုအခြေအနေ၊ စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်များ စိုက်ပျိုးထားမှု၊ မျိုးကောင်း မျိုးသန့်များ ဖြန့်ဝေမှု၊ မြေဩဇာ ထောက်ပံ့မှု၊ စစ်တွေမြို့နယ်၏ စားသုံးဆီဖူလုံမှု၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေမှု အခြေအနေ၊ စစ်တွေမြို့နယ်အတွင်း မြေပဲနှင့် နေကြာစိုက်ပျိုးရာတွင် တောင်သူများအတွက် အကျိုးရှိနိုင်သည့် သီးနှံအမျိုးအစားများကို အသိပညာပေး ဆွေးနွေး ပြောကြားကြသည်။
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများအား အခမဲ့ ငှားရမ်းပေးခြင်း၊ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို Onlineမှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)