ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်၊ စာပေကို ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဉယျာဉ်အသင်း နာယက ရန်နောင်(ပညာရေး)နှင့် ဒုတိယဉက္ကဋ္ဌ ဆရာ ဦးဝင်းမြင့် (မောင်မောင်ဝင်းမြင့်-မှုခင်း) တို့က အမှာစကား အသီးသီးပြောကြားခဲ့သည်။
နတ်သျှင် (ရွှေဂူ) ရေးသားထားသည့် လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်သည့် စာရေးဆရာ ဦးဇာနည်ထွန်း၊ မဦးခင်လှ (စီးပွားရေး)၊ ဦးသန်းထိုက်ရွှေ (ရွှေမော်သန်းထိုက်)တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့သည်များအပေါ် စာရေးဆရာများဖြစ်သော စာရေးဆရာ သက်လှိုင်မျိုး (စက်မှုတက္ကသိုလ်)၊ ဝင်းနွယ်(ပုသိမ်)၊ မောင်နွယ်မြင့် (စာပေဗိမာန်ဆုရ)တို့က အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြရာ အင်းစိန်မြို့နယ်၊ စာပေဉယျာဉ်အသင်း နာယက ရန်နောင် (ပညာရေး)က နိဂုံးချုပ် စကားပြောကြားခဲ့သည်။ စာဖတ်ဝိုင်းသို့ စာပေဉယျာဉ်အသင်းမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်အတွင်းရှိ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)