ပူတာအို ဩဂုတ် ၁၀
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပူတာအိုဒေသရှိ လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင် ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးငွါးခီရဲ့က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက မူးယစ် ဆေးဝါး စတင်ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲစေသော အကြောင်းအရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်သူက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ခေါင်းစဉ်ကို ပရိုဂျက်တာဖြင့် ပြသကာ အသိပညာပေးဟောပြောပြီး အမှတ်(၉၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ရဲအုပ် စောအောင်ကိုကိုက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေများကို အသိပညာပေးဟောပြောသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစု ပေါင်း(၄၅၀)ဦးခန့်သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသထားရှိ မှုများကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါ ပူးပေါင်းအဖွဲ့များအနေဖြင့် အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများသို့ ကွင်းဆင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောမှု များကို ဆက်လက်ကွင်းဆင်း ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)