ဒေါ့ဖုန်းယန် သြဂုတ် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်း ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါ့ဖုန်းယန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုက စနစ်သစ်ပညာရေးအကြောင်းနှင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအကြောင်းများ ပြောကြား ပြီး ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေများ လှူဒါန်းပေးပါသော ပန်းမြတ်မာလာ ကုမ္ပဏီနှင့် ရင်ကျန်းဟုန်ရှင်း ကုမ္ပဏီလီမိတက်တို့အား ကျောင်းအုပ်ဆရာမကြီးနှင့် ခေတ္တမြို့အုပ်ချုပ်ရေးမှုး ဦးဇော်မြင့်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ယင်းနောက် မူလတန်း အဆင့်မှ ကျောင်းသား၊ ကျောင်းသူများက အစာအုပ်စု(၂) အင်အားဖြစ်စေသော အစားအစာအုပ်စုများကို လည်းကောင်း၊ အလယ်တန်း အဆင့်မှ ကျောင်းသား၊ ကျောင်းသူများက အစာအုပ်စု(၃) ရောဂါကာကွယ် စေသော အစာအုပ်စုအကြောင်း ကိုလည်းကောင်းနှင့် အထက်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူများက အစာအုပ်စု(၁) ခန္ဓာကိုယ်ကြီးထွား စေသော အစာအုပ်စုများကိုလည်းကောင်း အသီးသီးဆွေးနွေးမျှဝေခဲ့ကြ သည်။
ဆက်လက်၍ ခေတ္တမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အစာအုပ်စုများအတွက် ခင်းကျင်းပြသထားသည် များကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်စိုး(ပြန်/ဆက်)