မိုင်းခုတ် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက် တညင်းသီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း အမှတ်(၂)ရပ်ကွက်မှ ဒညင်းသီးစိုက်ပျိုးရောင်းချသူ ဒေါ်မေဂျူး ထံမှ သိရသည်။
ဒညင်းပင်များကို မိမိနေအိမ်ခြံပတ်လည်တွင် စိုက်ပျိုးထားကြောင်း၊ အပူဒဏ်မှကာကွယ်ကာ အရိပ်ရရှိပြီး အသီးသီးချိန်ရောက်သောအခါ မိသားစုစားသုံးရန်သာမက ဝယ်ယူစားသုံးလိုသူများအား ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ တညင်းသီးအလုံး(၂၀)ကို တစ်ထောင်ကျပ်ဖြင့် ရောင်းချကြောင်း၊ မိမိနေအိမ်တွင် ငါးပင်စိုက်ပျိုးထားပြီး တစ်ပင်လျှင် အနည်းဆုံး ကျပ်တစ်သိန်းကျော် ရရှိကြောင်း ဒေါ်မေဂျူးက ပြောသည်။
မိုင်းခုတ်မြို့ရှိ ဒေသထွက် တညင်းသီးများမှာ စေးပြီးအရသာကောင်းမွန်ကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိသော်လည်း မိမိနေအိမ်ခြံအတွင်း စိုက်ပျိုးထားခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)