ရန်ကုန် ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၃)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Myanmar Convention Center (MCC) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ အကဲဖြတ်ပညာရှင်များနှင့် တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများက မြန်မာ့ ရိုးရာ တေးသီးချင်းများ သီဆို၍လည်းကောင်း၊ မြန်မာ့ရိုးရာ အိုးစည်၊ ဒိုးပတ် စသည့် တူရိယာများ တီးခတ်၍လည်းကောင်း၊ မြန်မာ့ရိုးရာအကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ Myanmar Convention Centre(MCC) ခန်းမ၌ ဝါသနာရှင် (ပထမတန်းအဆင့်)နှင့် (ဒုတိယတန်းအဆင့်) ဟူ၍ နှစ်ပိုင်းခွဲကာ မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ မင်းသား/မင်းသမီး အက၊ ရုပ်သေးကြိုးဆွဲအက၊ တေးသီချင်းများ ရေးသားခြင်း၊ စောင်း/ စန္ဒယား/ ပတ္တလား/ နှဲ/ ပလွေ/ တယော/ မယ်ဒလင်/ ဂီတာ တီးမှုတ်ခြင်း၊ ဆိုင်းတစ်ဦးချင်း တီးခတ်ခြင်း၊ အိုးစည်အဖွဲ့လိုက် တီးခတ်ခြင်း၊ ဒိုးပတ်အဖွဲ့လိုက် တီးခတ်ခြင်း စသည်ဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပြိုင်ပွဲဝင် (၉၁)ဦး၊ ဘာသာရပ်(၂၈)မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု (၁၁)ဆု၊ ဒုတိယဆု (၁၁)ဆု၊ အထူးဆု (၁၇)ဆု၊ တံခွန်စိုက်ဆု (၁)စုစုပေါင်း ထူးချွန်ဆု (၄၀)ဆုချီးမြှင့်ပေးခဲ့ကြကြောင်းနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက်စေရေးနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး