မူဆယ်မြို့တွင် ယာဉ်အန္တရာယ်ကာကွယ်ရေးအတွက် ဆိုင်ကယ်စီး ပြည်သူများသို့ ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေ

မူဆယ် ဩဂုတ် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီး မြို့မရဲစခန်းရှေ့တွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ယာဉ်အန္တရာယ်ကာကွယ်ရေး အတွက် ဆိုင်ကယ်စီးပြည်သူများသို့ ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

ဖြန့်ဝေပေးရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရဲတပ်ဖွဲ့လုံခြုံရေးနှင့်ပူးပေါင်း၍  ဆိုင်ကယ် မောင်းနှင်သည့် ကျောင်းဆရာ/မ များ နှင့်ပြည်သူလူထု(၇၀) ဦးခန့်အား လုံခြုံစိတ်ချရသည့်ဆိုင်ကယ်ဦးထုပ်(၇၀) လုံး၊ တစ်လုံးတန်ဖိုး  ၂၀၀၀၀ ကျပ် စုစုပေါင်း  ၁၄၀၀၀၀၀(ဆယ့်လေးသိန်းကျပ်)ခန့်ကို အခမဲ့ပေးဝေခဲ့သည်။ ထို့ပြင် ယာဉ်အန္တရာယ်ကင်းစေရန်အတွက် ဆိုင်ကယ်များအား  ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်း၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လက်ကမ်းစာစောင်များပေးဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းပိတ်maskများ ပေးဝေခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး မူဆယ်ခရိုင် ယာဉ်ထိန်းရဲစု၊ တပ်ဖွဲ့စုမှူး၊ ဒုရဲမှူးကျော်ဇင်လတ်က ဆိုင်ကယ်စီးလျှင် လုံခြုံစိတ်ချရသည့် ဦးထုပ်များဆောင်းခြင်း၊ မေးသိုင်းကြိုးမလျော့လွန်းမတင်းလွန်းတပ်ခြင်း၊ (၂)ဦးထက် ပိုမစီးရန်၊ (၂)ဦးစီးလျှင်လည်း(၂)ဦးလုံး ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်နံပါတ်ပြားများ တပ်ဆင်ရန်၊ဘရိတ်များ ကောင်းမကောင်းစစ်ဆေးရန်၊ မူးလျှင်မမောင်းရန်နှင့်မောင်းလျှင် မမူးရန်တို့ကို လိုက်နာဆောင်ရွက်ရန်တို့ကို  ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက် ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မောင်(မူဆယ်)