မိုင်းတုံ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေအောင်က မိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရေး၊ နေအိမ်ပြင်ပ ထွက် သွားလာသူများ နှာခေါင်စည်းများ စနစ်တကျ တပ်ဆင်သွားလာစေရေး၊ ဈေးရောင်း၊ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေး၊ ပြည်ပမှနေရပ်ပြန် ပြည်သူများ ရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့စေရေး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီ အဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)