ပင်လောင်းမြို့တွင် အသင်းသားဝန်ထမ်းများအား စုဆောင်းငွေအပေါ် အတိုးငွေများထုတ်ပေး

ပင်လောင်း စက်တင်ဘာ ၁၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလအတွင်း အသင်းသားတစ်ဦးချင်းစီ၏ စုဆောင်းငွေ များအပေါ် အတိုးငွေများထုတ်ပေးခြင်းကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့် အမှုထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမ အသင်း လီမိတက်ရုံးခန်းတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

အသင်းသားများ၏ စုဆောင်းငွေများအပေါ် အတိုးငွေများထုတ်ပေးခြင်းကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ၃၇ ခုမှ အသင်းသား ဝန်ထမ်းများနှင့် ပညာရေး အုပ်စု ခြောက်စုမှ အသင်းသား ဝန်ထမ်းများ၏ စုဆောင်းငွေများ အပေါ်တွင် ဒသမ ရာခိုင်နှုန်းဖြင့် တွက်ချက်၍ အတိုးငွေများ ထုတ်ပေးခြင်းဖြစ်ပြီး အသင်းသားများကို ထုတ်ပေးသည့် အတိုးငွေစုစုပေါင်း ငွေကျပ် ၃၂၁၄၅၀၀၀/- ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အတိုးငွေများရရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်သည့် ကာလအတွင်း အသင်းသားများ၏ သက်သာချောင်ချိရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်လှမြင့် ထံမှ သိရသည်။

ထွန်းလင်း(ပင်လောင်း)