ကျိုက်မရော သြ ဂုတ် ၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေး (Table-Top exercise) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။
အဆို ပါဆွေးနွေးပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်သောင်းဦးက ကျိုက်မရောမြို့နယ်အတွင်း၌ ဖြစ်ပေါ်ခဲ့ဘူးသော လေပြင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများနှင့် မြို့နယ်အတွင်းရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲများ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်သူလင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ မိမိတို့မြို့နယ်အတွင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် မိမိတို့ပါဝင်ရမည့် ကဏ္ဍအသီးသီး၌ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း ယခုနှစ်တွင် မိမိတို့မြို့နယ်အတွင်း သဘာဝဘေးနှင့်ပတ်သက်၍ ဆိုးရွားသော အခြေအနေများ မရှိခဲ့သေးကြောင်း၊ ဖြစ်ပေါ်လာပါကလည်း ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့များချိတ်ဆက် ထားပြီးဖြစ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်းက သဘာဝဘေးဆိုင် ရာလုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကြိုတင်ဆောင်ရွက်ထားရှိမှုများနှင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကျေးရွာအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများအား ညွန်ကြားချက်များအတိုင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားကြောင်း ဆွေးနွေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ခံ ဒေါ်အိဇာခြည်ဖြိုးက မုန်တိုင်းဘေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများ၏ သိရှိလိုသောမေးခွန်းများကို မြို့နယ် ဆရာဝန်ကြီးက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)