ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူလတန်းကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ဟိုပန်   ဩဂုတ် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မူကြိုကလေးငယ်များအား ကျန်းမာကြံ့ခိုင်စေရန်နှင့်  ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားစေရန်တို့ကို ရည်ရွယ်၍ မူလတန်းကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိုပန်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြကေခိုင် က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့် က မူကြိုကလေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများ ကို  ပြောကြားသည်။

ဆက်လက်၍  ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ရာ ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ အသက်(၄)နှစ်မှ အသက်(၅)နှစ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူ ကလေးငယ်(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူ ကလေးငယ်(၄)ဦးနှင့် ပြိုင်ပွဲဝင်ကလေးငယ်များအား ဆုများနှင့် မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)