မိုးနဲ ဩဂုတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ယမန်နေ့ညပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နမ့်စလိုင်ချောင်း၊ နမ့်တွန်ချောင်းနှင့် နောင်ကျော့အင်းများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်သောရပ်ကွက်များ ရေအနည်းငယ်ဝင်ရောက်မှုနှင့် လယ်ကွက်များရှိ စပါးပင်များ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရေဝင်ရောက်မှုဖြစ်ပွားရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည် ။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် နောင်ကျော့ရပ်ကွက်မြေအနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းအတွင်း ရေအနည်းငယ်ဝင်ရောက်ခြင်း၊ မိုးနဲ-ကင်တုံသွားလမ်း ရေကျော်ခြင်းနှင့် လယ်မြေ ၃၈၀ ဧကခန့်ရှိ စပါးပင်များ ရေနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပြီး ယနေ့အထိ လူ၊ တိရစ္ဆာန်နှင့် စပါးပင်များ ထိခိုက်ပျက်စီးမှု မရှိကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)