မြောက်ဥက္ကလာပ စက်တင်ဘာ ၁၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၁၅၇၆) ဦးအား ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများ အတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၇၂၈၀၀၀၀) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် တာဝန်ရှိသူများက ရပ်ကွက် (၁၉)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေများအား ယမန်နေ့ နေ့လယ်ပိုင်းမှစတင်၍ ရပ်ကွက်(၁၉) ရပ်ကွက်ရှိ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)