ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းများအား တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်း သိကောင်းစရာများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကို ဟောပြောပေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများအား သွားတိုက်နည်းစနစ်များနှင့် လက်ဆေးနည်းစနစ်များကို လက်တွေ့သရုပ်ပြခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းကျန်းမာရေးတာဝန်ခံ ဒေါက်တာ မိုးမြတ်နိုးဖြူနှင့် ကျန်းမာရေးဝန်ထမ်း များက ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်ကို သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိ ပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြုရောဂါ ကာကွယ်ရေး၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၀) တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)