နောင်ချို ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးကွက်အတွင်း Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန်နှင့် တာဝန်ရှိသူများက နောင်ချိုမြို့ပေါ် ဈေးအတွင်းရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများတွင် FDA ထောက်ခံချက်၊ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို ထိုင်နိုင်ငံ Better Way(Thailand)Co,Ltdမှ ထုတ်လုပ်ပြီး မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် FDA ထောက်ခံချက်များဖြင့် ဈေးကွက်တွင် တရားဝင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများအား တုပ၍ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)