ကျောက်ဆည် ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သားငါးရောင်းချသည့်နေရာများတွင် သန့်ရှင်းသာယာလှပရေး ရည်ရွယ်ချက်များဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အေးမြကြည်လင်းဈေးအတွင်းရှိ ပျံကျဈေးလမ်းများအား ကွန်ကရစ်ခင်း၍ လမ်းအဆင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၆.၇)ကျပ်သန်းဖြင့် အရှည်(၃၉၀)ပေ၊ အကျယ်(၆)ပေ၊ ထု(၉)လက်မ ကွန်ကရစ်ခင်းခြင်းဖြစ်ပြီး လိုအပ်မှုများရှိပါက ထပ်မံဆောင်ရွက်ပေးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဟိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အေးမြကြည်လင်ဈေးသည် အကျယ်(၁၀.၁၅)ဧက ကျယ်ဝန်းပြီးဆိုင်ခန်း(၄၂)ခန်းပါရှိသော ပွံရုံ(၇)ရုံ၊ ဆိုင်ခန်း (၂၃၆)ခန်းပါရှိသော တိုက်တန်း(၈)တန်း၊ ဆိုင်ခန်း(၆၀)ပါရှိသော ကုန်ခြောက်ရုံ (၉)ရုံ၊ ဆိုင်ခန်း(၄၈၀)ခန်းပါရှိသော ကုန်စိမ်းပွဲရုံ(၂၂) ရုံနှင့် ပျံကျဈေးသည်ပေါင်း (၁၆၀၀) ကျော်ဦးတို့နှင့်ဈေးအရောင်းအဝယ် ပြုလုပ်လျက်ရှိသည့် ဈေးတစ်ဈေးဖြစ်ကြောင်း ဒုတိယဦးစီး (ဈေး)ဦးလှိုင်ဝင်းဆွေက ထံမှသိရသည်။
သက်မောင်