မိုးညှင်း ဩဂုတ် ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းကျေးရွာများထံ ရန်ပုံငွေကျပ် သိန်း(၉၀၀)တိတိ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က ယခုလိုရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာတွင် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရုံသာမက စီမံကိန်းလုပ်ငန်းများအပေါ် မိမိတို့ရွာသူရွာ သားများအနေနဲ့ အလုပ် အကိုင်အခွင့်အလမ်းကောင်းများ ရရှိခံစားရပြီး ဝင်ငွေများ တိုးပွားလာစေ မည်ဖြစ်သည့်အတွက် များစွာ အကျိုးရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မိုးညှင်းမြို့နယ်အတွင်း စီမံကိန်းကျေးရွားများထံသို့ ရန်ပုံငွေများလွှဲပြောင်း ပေးအပ်ရာတွင် Cash For Work စီမံကိန်းကျေးရွာအနေဖြင့် မနခေါကျေးရွာအတွက် ရန်ပုံငွေကျပ် သိန်း(၁၀၀)ကို လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများအတွက် အင်းလေး၊ ဘိုကုန်း၊ ပျော်ဘွယ်၊ ဘုံချောင်း၊ ကွင်းကြီး၊ ရွှေလက်ပံ၊ မြင်သာနှင့် မြို့သစ်ကလေးကျေးရွာများထံသို့ ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်း(၁၀၀)စီဖြင့်လည်းကောင်း စုစုပေါင်းရန်ပုံငွေကျပ် သိန်း(၉၀၀)တိတိကို တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ကျေးရွာကော်မတီများထံ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ VDP စီမံကိန်းကို ကျေးရွာပေါင်း (၁၁၆)ရွာနှင့် Cash For Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း (၁၆)ရွာထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်း ထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)