ရပ်စောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်မှုကြောင့် တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးဆောင်ရွက်

ရပ်စောက် ဩဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ဇော်ဂျီချောင်း ရေလျှံတက်လာပြီး အဆိုပါချောင်းအနီးရှိ ရပ်ကွက်များအတွင်းရှိ လမ်းမများနှင့် လူနေအိမ်များအတွင်းသို့ ချောင်းရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဇော်ဂျီချောင်းရေလျှံတက်လာမှုကြောင့် ဇော်ဂျီရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၁၇၀)ခု၊ လူဦးရေ (၄၃၂)ဦးနှင့် ဥတ္တံတားရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၁၇၃)ခု၊ လူဦးရေ (၄၈၆)ဦးတို့အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ရေဘေးလွတ်ရာ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမသို့ ပို့ဆောင်ကာ ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ဗထူးတပ်နယ်မှူးနှင့် စေတနာရှင်အလှူရှင်များက ထမင်းဗူး၊ သောက်ရေသန့်ဗူးနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများနှင့် ဆန်၊ ပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အစရှိသောစားသောက်ကုန်များကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားများ လိုက်လံပြောကြား ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)