တာလေ ဩဂုတ် ၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ တာကြန့်စံပြကျေးရွာ ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုသက်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းဖြင့် ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ လယ်ယာလုပ်ငန်းခွင်များ ပြီးဆုံးသည့်အခါ သင်တန်းမှ သင်ပေးလိုက်သည့် နည်းပညာများကို လက်တွေ့အသုံးချ၍ မိသားစု၏ ဒုတိယဝင်ငွေကိုလည်းရရှိအောင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ နည်းပညာများကိုအသုံးချ၍ မိမိတို့၏အတွေးအခေါ်နှင့် ဆန်းသစ်သည့် ထုတ်ကုန်ပစ္စည်းများ၊ လူအများစိတ်ဝင်စားပြီး စွဲဆောင်မှုရှိစေမယ့် ထုတ်ကုန် အမယ်သစ်များကို အားလုံးက တီထွင်ကြံဆထုတ်လုပ်သွားကြစေရန် ရည်ရွယ်ကာ သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်းနှင့်၊ သင်တန်းမှသင်ပေးလိုက်သည့် အခြေခံနည်းပညာများကို စနစ် တကျ ထပ်မံလေ့လာကာ ကိုယ်ပိုင်အသေးစားလုပ်ငန်း ထူထောင်နိုင်သည်အထိ ကြိုးစား ကြစေလိုပါကြောင်း၊ ဒေသမှထွက်ရှိသည့် လက်မှုထည်များကို သမဝါယမအသင်းက ဆိုင်တင်ပြီး စျေးကွက်ရှာဖွေ ပေးသွားမည်ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းစုများတွင်လည်းပေးပို့ ရောင်းချနိုင်ရန် ချိပ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းတက်ရောက်သူများ ကိုယ်တိုင်လက်တွေ့ထုတ်လုပ်ခဲ့သည့် လူသုံးကုန်ပစ္စည်းများကို သင်တန်းသားထူးချွန် (၅)ဦးအား လက်သုံးကိရိယာများ လက်ဆောင်ပြန်လည်ပေးအပ်ပြီး သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၈ ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန်/ဆက်)