မိတ္ထီလာမြို့ပေါ်ရှိ ရန်မျိုးအောင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များသို့ သောက်သုံးရေပိုမိုပေးနိုင်ရေး မြို့ပြရေပေးရေးလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ သြဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရှိ ရန်မျိုးအောင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များသို့ ရေပိုမိုပေးနိုင်ရေး မြို့ပြရေပေးရေးလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၇၂ သန်းကျော်ဖြင့် စျေးအရှေ့အပြင်ရပ်ကွက် မိတ္ထီလာမြောက်ကန်တွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေများကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိရာမှ ရန်မျိုးအောင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များအား ဖြန့်ဝေပေးလျက်ရှိသည့် စျေးအရှေ့ပြင်ရပ်ကွက် ခရိုင်မီးသတ်ဦးစီးဌာနအနီးရှိ ရေစင်မှ တစ်ပါတ်တစ်ကြိမ်သာပေးဝေနိုင်သည့်အတွက် သောက်သုံးရေပိုမိုပေးဝေနိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၇၂.၆၁၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် Great Memory Co,Ltd မှ တာဝန်ယူပြီး စျေးအရှေ့အပြင်ရပ်ကွက် မိတ္ထီလာမြောက်ကန်တွင် မြို့ပြရေပေးရေးလုပ်ငန်းများဖြစ်သည့် ရေယူအဆောက်အဦနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ခန်းမနောက်ကျောရေရယူအဆောက်အဦအတွက် ရေတွန်းပန့်ဆင်ခြင်း(Centrifugal Pump inlet-outlet)လုပ်ငန်း၊ ခန်းမရေယူအဆောက်အဦမှ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ ခန်းမရေယူအဆောက်အဦအတွက် ရေတွန်းပန့်ဆင် ခြင်း(315KVA) တပ်ဆင်ခြင်း(11)တပ်ဆင်ခြင်းလုပ်ငန်းများနှင့် ရေယူအဆောက်အဦသို့ (440V)မီးလိုင်းသွယ်ဆွဲခြင်း၊ ပန့်လိုင်း၊ စက်ရုံးများမီးတပ်ဆင်ခြင်းလုပ်ငန်းများကို ဇူလိုင်လ ၂၈ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းမြို့ပြရေပေးရေးလုပ်ငန်းများကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့ပြရေပေးရေးလုပ်ငန်းပြီးစီးပါက ရန်မျိုးအောင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များ သို့ သောက်သုံးရေများကို ယခင်ကထက် ပိုမိုပေးဝေနိုင်မည့်အပြင် ရေတိုင်များကိုလည်း တိုးချဲ့တပ်ဆင်သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)