ကျောက်ဆည်မြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောက်ဆည် ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရိုးရာယဉ်ကျေးမှုဓလေ့များ လေးစားတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မြတ်နိုးသည့်စိတ်ဓာတ်များ ပေါ်ပေါက်လာစေရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြို့နယ်အဆင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်၍ ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆိုပြိုင်ပွဲအခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်၊ အခြေခံပညာအဆင့် (၁၅)နှစ်မှ (၂၀)နှစ်၊ ဝါသနာရှင်အဆင့်(ပထမ)၊ ဝါသနာရှင်အဆင့်(ဒုတိယ)၊ ပညာရှင်အဆင့် စုစုပေါင်း (၂၁) ဦး၊ အကပြိုင်ပွဲတွင် (၈၂)ဦး၊ အတီးပြိုင်ပွဲတွင် (၂၄) ဦး၊ စုစုပေါင်း (၁၂၇) ဦး ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်