လားရှိုး ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင်း လမ်းဖြတ်တံတားများတည်ဆောက်ခြင်းနှင့် ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုးတွင်းကာလများတွင် တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လေ့ရှိသည့် လားရှိုးမြို့အဝင်ရှိ ရေစီးမြောင်းများကို ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများချဲ့ထွင်နိုင်ရေး ညွှန်ကြားခဲ့ပြီးနောက် လမ်းဖြတ်တံတားတည်ဆောက်မှုလုပ်ငန်းခွင်ကို ကြည့်ရှုခဲ့သည်။
ယင်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌနှင့်အဖွဲ့သည် လားရှိုးမြို့တွင်းရှိ မြို့တော်ခန်းမအဝိုင်းပတ်မှ လားရှိုးကြီးမီးပွိုင့်အထိ သိန္နီလမ်းအတိုင်း အိုရီယမ်တယ် ဟိုင်းဝေးကုမ္ပဏီမှ ပြုလုပ်နေသော လမ်းသားချဲ့ထွင်ခြင်း၊ လမ်းအခြေခံလွှာခင်းခြင်း၊ AC လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းဖြတ်တံတားများ၊ ရေမြောင်းများတွင်ရေစီးရေ လာကောင်းမွန်စေရေး၊ မိုးတွင်းကာလများတွင် ရေကြီးရေလျှံဖြစ်ပေါ်နိုင်သည့် ရေမြောင်းများအား စနစ်တကျမြောင်းများပြန်လည် ချဲ့ထွင်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုရာ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင် က လိုက်လံရှင်းလင်းပြသသည်။
မိုးရာသီတွင် တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုအန္တရာယ်များမှ ကာကွယ်နိုင်ရန်အတွက် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများရှိ ရေမြောင်းများအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူတူးဖော်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ၊ လမ်းဖြတ်တံတားများ တည်ဆောက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)