ရွာငံမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကိုဗစ်-၁၉ ထိခိုက်မှုအတွက် ကူညီထောက်ပံ့ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်

ရွာငံ စက်တင်ဘာ ၁၁

အီတလီနိုင်ငံ၊ Bonzano ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပြည်သူများကူညီထောက်ပံ့မှု အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် (DNAO) စိုက်ပျိုးရေးဦးစီးဌာနနှင့် AVSI Foundation Myanmarတို့ ပူးပေါင်း၍ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းကစတင်၍ အဆိုပါကျေးရွာ တောင်သူလယ်သမား သင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ထိခိုက်မှုအတွက် ကူညီထောက်ပံ့ရေး စီမံကိန်းလုပ်ငန်းစဉ်များကို ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ စီမံကိန်းကို ၂၀၂၀ပြည့်နှစ် မေလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ရွာငံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာ ပူးပေါင်းပါဝင်မှုဖြင့် တောင်သူများကို Module()ခုဖြင့် ပညာပေး ဆွေးနွေးပေးခဲ့ပါကြောင်းနှင့် အလယ်ချောင်၊ ဆတ်ခြံနှင့် မြိုင်ကျေးရွာ အုပ်စုတို့တွင် ယခုအချိန်အထိ သင်တန်းကြိမ်ရေ (၂၀)ကြိမ်ဖြင့် တောင်သူပေါင်း(၄၅၀)ဦးကို ဆွေးနွေးခဲ့ပြီးကြောင်း သိရသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ထိခိုက်မှုအတွက် ကူညီထောက်ပံ့ရေး စီမံကိန်းကို ရွာငံမြို့နယ်၊ အလယ်ချောင်နှင့် ဆတ်ခြံကျေးရွာများ၌ Module()ခု ခေါင်းစဉ် ဖြင့် ရေရှည်တည်တံ့သော မြေဆီလွှာထိန်းသိမ်းရေးအတွက် သဘာဝမြေဆွေး ပြုလုပ်နည်းတွင် EM ဘိုကာရှီနှင့် စူပါ EM ဘိုကာရှီ ပြုလုပ် သုံးစွဲနည်းများ ပညာပေး ဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများကို ပြုလုပ် ပြသပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ထိခိုက်မှုအတွက် ကူညီထောက်ပံ့ရေး စီမံကိန်း၏ ရည်ရွယ်ချက်မှာ ပဲပုတ်မျိုးပွား၊ မျိုးသန့် ထုတ်လုပ်ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတွင် ကူညီဆောင်ရွက်ရန်အတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြည့်ဖြိုးသန့်(ပြန်/ဆက်)