ကျောက်တန်း စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၇:၃၀ နာရီက မြို့မဈေး၊ ၃၃ ကားဂိတ်၊ ၉၅ ကားဂိတ်၊ ရေလယ်ဘုရားရှေ့၊ ကျောက်တံတားဇက်ဆိပ်နှင့် ကျောက်မရဲဇက်ဆိပ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုများ များပြားလာခြင်းကြောင့် ပြည်သူများ အနေ ဖြင့် မိမိတို့ နေအိမ်ပြင်ပသို့ထွက်ခွါတိုင်း Mask တပ်ဆင်ရေး၊ မဖြစ်မနေ သွားလာရမည်ဆိုပါက မိသားစုတစ်စု လျှင် (၁) ဦးသာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သမျှ ရှောင်ကျဉ်ရေး၊ အပြင်မှပြန်လာတိုင်း၊ အရာ ဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစနစ်တကျဆေးကြောရန်တို့ကို အသိ ပညာပေးပြီး Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများကို Mask များအခုဝယ် အခုတပ် စနစ်ဖြင့် တပ်ဆင် အသုံးပြုရေးနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပူးပေါင်းအဖွဲ့များသည် မြို့မဈေးအတွင်း ဈေးသည်များနှင့် ဈေးအရောင်ဆိုင်များ ညွှန်ကြားချက် နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ရက်များတွင်လည်း အသိပညာပေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့မြို့က လူတွေက မကြောက်ကြဘူး၊ ဈေးကိုလာတာလည်း ကလေးတွေပါ ခေါ်လာကြတယ် ၊ Mask တပ်ဆင်တာတွေလည်း တော်တော်အားနည်းပါတယ်၊ အသိပညာပေးတဲ့ အဖွဲ့အစည်းတွေကလည်း နေ့တိုင်း ဆောင်ရွက်ပေးနေပါတယ်၊ တကယ်တော့ ဒဏ်ငွေရိုက်မှာကြောင့် Mask တပ်ဆင်တာ မဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်တပ်ဆင်လာကြမယ်ဆိုရင် အားလုံးအတွက် ကောင်းတာပေါ့၊ အခုတော့ စည်းကမ်းလိုက်နာလာကြတာတွေ မြင်ရတော့ ဝမ်းသာပါတယ်၊ လမ်းသွားလမ်းလာတွေလည်း တော်တော်နည်းသွားပါတယ်” လို့ ဒေသခံ တစ်ဦးက ပြောကြားသည်။
ခင်ဆွေဝင်း (ကျောက်တန်း)