မိုးညှင်းခရိုင်အတွင်း ဒေသန္တရအခြေအနေများပေါ် မူတည်၍ သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ် များအလိုက် အလျင်အမြန် ရှာဖွေကယ်ဆယ်နိုင်ရေး ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်

မိုးညှင်း ဩဂုတ် ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသန္တရအခြေအနေများပေါ်တွင် မူတည်၍ သက်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်များအလိုက် အလျင်အမြန်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် စေရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း ကို ယနေ့ နံနက် (၉)နာရီမှစတင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ခရိုင်အဆင့် ရှာဖွေ ကယ်ဆယ်ရေး သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းက မိုးညှင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြား ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် ခရိုင်အတွင်းရှိ သန္ဓေမီးသတ် တပ်ဖွဲ့အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှု အဖွဲ့အစည်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များတွင် စိတ်ပါဝင်စားသူများအား ပူးပေါင်းပါဝင်ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့် တစ်ပြေးညီ အလျင်အမြန်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သင်တန်းတွင် အသုံးပြုသွားမည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ခင်းကျင်းပြသထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုကြရာ ခရိုင်မီးသတ်ဦးစီးမှူးက ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဩဂုတ်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့ထိ ဘာသာရပ်(၈)မျိုးဖြင့် ခုနှစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)