ချီဖွေမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show ဆောင်ရွက်

ချီဖွေ ဩဂုတ် ၈

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေ တို့ ပူးပေါင်း၍ ဒေသတွင်းလူငယ်၊ လူရွယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်ကို ပိုမို သိရှိစေရန် ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် "မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ" Talk Show ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ စိတ်ပိုင်ဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ ဖြစ်ပေါ်လာပုံ၊ လူငယ်များ အနေဖြင့် လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးကို အသုံးပြုခြင်းမှ ရှောင်ရှားစေနိုင်ရန် မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးသက်ဘုန်းဝေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများသုံးစွဲခြင်းဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်း၊ ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဌာန (သို့မဟုတ်) အသိအမှတ်ပြုထားသည့် ဆေးကုသ ဂေဟာတွင် မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်လျှင် သော်လည်း ကောင်း၊ မူးယစ်ဆေးဝါးများ စိုက်ပျိုးခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲလာအောင်သွေးဆောင်ခြင်း၊ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး ဝရမ်းကပ် သိမ်းဆည်းထားသည့် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အလွဲသုံးမှုများ ပြုလုပ်လျှင် ထောင်ဒဏ်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်းတို့ကို လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် လူငယ်လူရွယ်များ ဗဟုသုတတိုးပွားစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ နှင့် အခြားအသိပညာပေး Talk Show အစီအစဉ်များအား ချီဖွေမြို့နယ် Facebook Page မှတစ်ဆင့် ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

မေခမွန်(ပြန်/ဆက်)