သန်လျင် စက်တင်ဘာ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ပြည်သူများ ပြင်ပထွက်ရှိမှု နည်းပါစေရေး၊ စားသောက်ကုန်ပစ္စည်း ဈေးနှုန်း မှန်ကန်စေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးတို့အတွက် သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်၍ ဈေးဝယ်စရာမလိုဘဲ မိမိတို့နေအိမ်မှ လိုအပ်သော စားသောက်ကုန်များ၊ ဆေးဝါးများအား ဆိုင်များမှ သတ်မှတ်ဈေးနှုန်းအတိုင်း ပို့ဆောင်ခပေးရန် မလိုဘဲ (အခမဲ့) ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ပြည်သူများက မှာယူသောပစ္စည်းအား ဝယ်ယူကာ Together Thanlyin Volunteer များက ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး သန်လျင်မြို့နယ်အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ လိုအပ်ပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီ TOGETHER THANLYIN (ဖုန်း) 09763168439 09761466501၊ 09456337991၊ 09793660071၊ 09262895094၊ 09777300480၊ 09798004397 များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်းနှင့် မည်သူမဆို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဝင်နိုင်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ သန်လျင်မြို့နယ်အတွင်း ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းကာ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)