မော်လမြိုင် ဩဂုတ် ၈
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ်နွဲပျော် ဂီတပွဲတော်” Season -2 အဆိုရှင် ရွေးချယ်ပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က ပညာရေးဒီဂရီကောလိပ်၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ သူများ၊ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ပြိုင်ပွဲကို ရည်ရွယ်ချက် ၃ ရပ် ဖြစ်သော ပြည်သူများ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထား လေးစားစိတ် မိမိတို့၏ အချုပ်အခြာ အာဏာကို ကိုယ်တိုင် ထိန်းသိမ်းရမည်ဆိုသော ထက်သန်သည့်စိတ် ဖြစ်ပေါ်စေရန်၊ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်၊ ပြည်သူများ၏ စိတ်ကို အပန်းဖြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ဗဟိုအဆင့် ပြိုင်ပွဲကို မွန်ပြည်နယ်မှ ပြိုင်ပွဲ၀င် ၃ ဦးကို ရွေးချယ်စေလွှတ်မှာဖြစ်ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲကို (၈-၈-၂၀၂၂) ရက်နေ့မှ (၉-၈-၂၀၂၂)ရက်နေ့အထိ စိတ်ကြိုက်တေးသီချင်း တစ်ပုဒ်၊ ပြဌာန်းတေးသီချင်း တစ်ပုဒ်၊ ပေါင်း နှစ်ပုဒ် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ရွေးချယ်ခံရသော ပြိုင်ပွဲ၀င် ၃ ဦးကို ပြည်နယ်အစိုးရအဖွဲ့၏ ချီးမြှင့်ငွေများဖြင့် မွန်ပြည်နယ် ကိုယ်စားပြု ပါ၀င်ယှဉ်ပြိုင် စေမှာဖြစ်ကြောင်း ပြိုင်ပွဲဝင်များအနေဖြင့် မွန်ပြည်နယ်၏ဂုဏ်ကို ဖော်ဆောင်နိုင်ရေး ကြိုးစား ယှဉ်ပြိုင်ကြဖို့ မှာကြားခဲ့သည်။
ထို့နောက် မြို့နယ် ၁၀ မြို့နယ်မှ ပြိုင်ပွဲ ၀င်ရောက်ကြသော ပြိုင်ပွဲ၀င် ၂၃ ဦးမှ စိတ်ကြိုက် တေးသီချင်းများဖြင့် အသီးသီး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)