(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၈

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက်စေရေးနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ Myanmar Convention Centre (MCC) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံ့ခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အဖွင့်အမှာစကားပြောကြားရာတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲသည် မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရှိစေရေးတို့ကို ဦးတည်ရည်ညွှန်းပါကြောင်း ၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို စတင်၍ နှစ်စဉ်ကျင်းပခဲ့ပါကြောင်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး  ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်အနောက်ပိုင်းခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့် အကဲဖြတ်ပညာရှင်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများသည် အကဲဖြတ် ပညာရှင်ကြီးများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ Myanmar Convention Centre (MCC)ခန်းမတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ခရိုင်အတွင်းရှိ အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များ အားပါးတရ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ လာရောက် ကြည့်ရှုသူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

စန္ဒာမိုး(ပြန်/ဆက်)