ကျောက်ဆည်မြို့နယ်တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း

ကျောက်ဆည်၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများလျှပ် စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ဓာတ်အားလျော့နည်းပျောက်ဆုံးမှုမရှိစေရေးတို့အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မန်နေဂျာ ဦးသိန်းလှိုင်ဦးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီတွင် ကြက်မင်းတွန်လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ငှက္က တောင် လျှပ်စစ်ဓာတ်အားခွဲရုံတို့မှ ကျောက်ဆည်မြို့အတွင်း ဖြန့်ဖြူးပေးနေသော ဓာတ်အားကြိုးများတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခဲ့ပြီး ဓာတ် အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်မန်နေဂျာ ဦးသိန်းလှိုင်ဦးနှင့် ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများလျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားလိုင်းများ စစ်ဆေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ လျှပ်စစ်ကြိုးများနှင့် မလွတ်ကင်း သည့် သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးခြင်းအပြင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့သည် မြို့ပေါ်(၁၀)ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး အိမ်ခြေပေါင်း(၇၈၀၀)ရှိ ပြည်သူ (၃၆၃၀၀)ဦးနေထိုင်လျက်ရှိရာ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် မြို့ နယ်လျှပ်စစ်ရုံးမှ  (၅၀၀) ကေဗွီအေ၊ (၃၁၅) ကေဗွီအေ၊ (၂၅၀) ကေဗွီအေ၊ (၂၀၀) ကေဗွီအေ၊ (၁၆၀) ကေဗွီအေ၊ (၁၀၀) ကေဗွီအေ ထရန်စဖော်မာ (၄၃)လုံးဖြင့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)